သံသရာ ခရီးသည်
ရိုးစင်းတဲ့ ကျနော့ဘ၀အတွေ့အကြုံလေးတွေပါ
Subscribe
Add to Technorati Favourites
Add to del.icio.us
Monday, July 16, 2012
ဓါတ်လုံး . . .
Posted by Shar Naung
မေးလျှောက်လျှင် ဆရာတော်က အချိန်ယူ၍ သေသေချာချာရှင်းပြပေးနိုင်သည်။
          “ဆရာတော်ဘုရား တချို့လူတွေက အရှင်ဘုရား ဓါတ်လုံးတွေပေးနေတာ ဓါတ်လုံးရေတိုက် တိုက်နေတာကို ဝေဖန်နေကြတယ်ဘုရား . . . တပည့်တော်က အရှင်ဘုးရားကို ဝေဖန်တာ
မကြိုက်ပေမယ့်လည်း အကြောင်းရင်းကို သေချာမသိတော့ ပြန်ရှင်းပြဖို့ခက်နေတယ်ဘုရား . . .
နောက်ပြီး ဒီက တကာကလည်း မေးလျှောက်နေပါတယ်ဘုရား . . . .”
         ဆရာတော်သည် ကျနော့ကို တချက်လှမ်းကြည့်ပြီ အီယံဘိတ်ကာ ကိုပြုံးပြလိုက်သည်။
အီယံသည် အမေရိကန်နိုင်ငံသားဖြစ်သည်။ အသက် ၁၉ နှစ်အရွယ်ကပင် တိဘက်တွင် ဘာသာရေးကိုလေ့လာလိုက်စားခဲ့သည်။ တိဘက်တွင်၁၇ နှစ်ကျော် နေထိုင်ခဲ့ပြီးနောက် ယခုအခါ ထိုင်းနိုင်ငံတွင် စာပေရေးသားလျက် နေထိုင်ကာ အချိန်ရတိုင်း မြန်မာနိုင်ငံသို့လာ၍ အဂ္ဂိရတ်ပညာနှင့် ကမ္မဌာန်းတရားတို့ကို လေ့လာကျင့်ကြံနေသူ တစ်ယောက်ဖြစ်ပါသည်။ ဒီအဂ္ဂိရတ်အကြောင်းကိုလည်း သုတေသနလုပ်ပြီး စာတမ်းပြုစုနေသည်။ 
          “ အေး . . . ဆိုပါတော့ ဆေးတစ်မျိုးဖော်ရင် အမယ် ၁၀ မျိုးလောက်ထည့်ရတယ်။ 
 တောရွာတွေမှာဆိုတော့လည်း ဆေးကအဆင်သင့် ဖော်ပြီးသားကရှားတယ်။ အရေးအကြောင်းဆို အမယ်စုံအောင်လိုက်ရှာရတယ် . . .အဆင်မပြေဘူး။ ဒီတော့ ဘုန်းဘုန်းကစဉ်းစားတယ် . . တကယ်လို့ ၅ မျိုးလောက်နဲ့ ဆေးတဖုံဖော်လို့ရရင် ပိုကောင်းမယ်ပေါ့. . . နောက်တော့ ထပ်စဉ်းစားတယ် တမျိုးတည်းဆို ပိုမကောင်းဘူးလားလို့ . . .  ”
          “ ပိုကောင်းပါတယ် ဘုရား ”
          “ ဓါတ်လုံးမှာ သိဒ္ဓီရှိနေတော့ ဘေးအန္တရာယ်ကင်းတယ် . . . ရေစိမ်သောက်တော့ အစာအဆိပ် သွေးအဆိပ် သတ္တ၀ါ အဆိပ်တွေ ပျောက်တယ် အခကြေးငွေမယူပဲ မေတ္တာနဲ့
ပေးတာကြောင့် ပေးကောင်းတယ် . . . ”
အီယံက ဆရာတော့်အဖြေကို သဘောကျကာ ကျနော့ကို မေးခွန်းတချို့ မေးလျှောက်ခိုင်းပါတယ်။ 
          “ အရှင်ဘုရား အရင်တုန်းက အမေရိကန်နဲ့ ရုရှားသိပ္ပံပညာရှင်တွေပေါင်းပြီး အဂ္ဂိရတ်ပညာကို မြန်မာပြည်ကနည်းအတိုင်း ထိုင်းနိုင်ငံမှာ လက်တွေ့သုတေသနတွေလုပ်ခဲ့ပါတယ်။ ဓါတ်လုံးလည်းဖြစ်ပါတယ်။ အခုဆိုရင် ရုရှားအဖွဲ့က ဓါတ်ပြာတွေကို ဆေးကုသရာမှာသုံးတာ
တော်တော်လေးအောင်မြင်နေပါတယ် ဘုရား။ အမေရိကန်တချို့လည်း ထိုင်းနိုင်ငံမှာ ဆက်ပြီးသုတေသနဆက်လုပ်ပါတယ် ဘုရား။ ဒါပေမယ့် အရှင်ဘုရားဓါတ်လုံးလို တန်ခိုးမရှိဘူး
ဖြစ်နေပါတယ် . . . အဲဒါဘာကြောင့်များလည်း ဘုရား . . . ”
         “တကာကြီး သိပ္ပံပညာဆိုတာ ၀ိဇ္ဇာပညာရဲ့ နောက်မှဖြစ်ပေါ်လာတာ . . . လူတွေက သိပ္ပံပညာကိုလက်ခံကြတယ် ဒါပေမယ့် ၀ိဇ္ဇာပညာကျတော့ လက်မခံချင်ကြဘူး ဘာလို့လဲဆိုတော့ မျက်စိနဲ့မြင်ရလို့ . . . အဂ္ဂိရတ်ပညာဟာ သိပ်ကို ကျယ်ပြန့်လျှို့ဝှက်နက်နဲတယ် . . . သူတော်ကောင်းတွေ လက်ထဲရောက်ရင် လောကကိုအကျိုးများစေသလို သူယုတ်တွေလက်ထဲရောက်ရင်လည်း ပျက်စီးစေတတ်တယ်။ ဒါကြောင့် ရှေးသူတော်ကောင်းတွေက သူယုတ်တွေ အလွယ်တကူ အသုံးချလို့မရအောင် စကားဝှက်တွေနဲ့ထားခဲ့တာ . . တကာကြီး ပြောတဲ့ဓါတ်လုံး မစွမ်းဘူးဆိုတာက တကာကြီးတို့က ရုပ်ဓါတ်ကိုထိုးနေတာကိုး . . . ကြောင်ရုပ်နဲ့ ကြွက်ချောက်လို့မရဘူး . . . ကြောင်က အသက်ရှိမှစွမ်းတာ။ ရုပ်ဓါတ်ကို နာမ်ဓါတ်ပေါင်းပေးမှ အသက်ဝင်မှာပေါ့ . . . ”
         ဆရာတော်သည် အီယံကို ဓါတ်တွေအကြောင်းရှင်းပြသည်။ အပြန်အလှန် အမေးအဖြေများ
ပြုလုပ်ကြရင်း တချိန်သည် တရွေ့ရွေ့ကုန်ဆုံးလာခဲ့သည်။ ညနေစောင်းတော့ အီယံတို့ပြန်ကြသည်။ 
        “ အရှင်ဘုရား တချို့တွေ ဖိုထိုးလာတာ နှစ်တွေလည်းမနည်းတော့ဘူး ကုန်တာလည်းမနည်းဘူး
 အောင်မြင်သွားတယ်လည်း မကြားမိဘူးဘုရား ဘာကြောင့်ဒီလိုတွေဖြစ်တာလဲဘုရား”
        “ အေး . . . ကျောက်နဂါးသား စားလိုညား၍ လယ်ယာသားမယား စည်းစိမ်စွန့်ပြီး ဘုရားကြို ဘုရားကြား ရာထောင်ကုဍေ ကြိုးပါသော်လည်း  တစ်ယောက်ရဲရဲ ရတောင့်ခဲ၏တဲ့ . . . တချို့ဖိုထိုးတာ နေ့စားခေါ်ထိုးတယ်. . . မီးထဲမှာဖြစ်နေတဲ့ဓါတ်တွေ သူဘယ်နားလည်မလဲ မီးအချိန်အဆ နားမလည်ရင်လည်း ပျက်တာပဲ . . . နောက်ပြီးသီလ၊ သမာဓိရှိဖို့လိုတယ် . . . သမာဓိရှိမှ မီးထဲမှာ ဓါတ်တွေပြုပြင်ပြောင်းလဲနေတာကို ထိုးဖောက်မြင်နိုင်မှာပေါ့ . . . ခုနကပြောသွားတဲ့ သိပ္ပံသမားတွေ အကျင့် သီလ သမာဓိမရှိလို့ပဲ . . . လက်ကဖိုဆွဲနေရင်း မျက်လုံးက မီးကိုကြည့်နေရင် မီးကသိုင်းရှုတယ်ခေါ်တယ် ဒါမှမဟုတ် ဘုရားဂုဏ်တော်တွေ ရွတ်ဖတ်နေလည်းရတာပဲ အချိန်တွေကြာလာတဲ့အခါ  သမာဓိဆိုတာဖြစ်ပေါ်လာရင် ထိုးထွင်းဥာဏ်ဆိုတာ ဖြစ်လာတယ် . . . ဒီတော့မှ လိုရာခရီးရောက်နိုင်တယ် . . . ”
သိဒ္ဓိဝင် ဓါတ်လုံးတစ်လုံးဟာ တန်ဖိုးဖြတ်လို့မရသလို ကုန်ကျစားရိတ်လည်း တွက်လို့မရပါဘူး။ အချိန်ကာလာအားဖြင့် ဘယ်လောက်ကြာမယ်လို့လဲ အတတ်ပြောလို့မရပါဘူး။ အဂ္ဂိရတ်ထိုးရင် ရှင်ဘုရင်တောင် မွဲသွားတဲ့ သာဓက လည်းရှိခဲ့ဖူးတာပဲ။  
အဂ္ဂိရတ်ပညာကို တကယ်လေ့လာ လေ့လာလိုက်စားချင်တယ်ဆိုရင် သီလကိုလုံအောင်ထိန်သိမ်းပါ။ ပြီးမြောက်ပြီးသား ပုဂ္ဂိုလ်တွေထံမှာသာ နည်းနာယူပါ။ တစိုက်မတ်မတ်လုပ်ဆောင်ပါ။ ယခုအခါ လူအမျိုးသမီး၊ သီလရှင်များပါ အဂ္ဂိရတ်ထိုးနေကြတာတွေ့ရသည်။ 
နားနေဆောင်သို့ ပြန်ရောက်လာသောအခါ ဆရာတော်ထံတွင် ပညာလာသင်နေသော အဂ္ဂိရတ်သမား သုံးယောက် ဓါတ်အကြောင်းငြင်းခုံနေကြသည်။ မီးသွေးဖိုး အတတ်နိုင်တော့၍ တခြားဖိုဆရာထံတွင် ကပ်ထိုးနေရသည်ဟု  တစ်ယောက်က ညီးညီးညူညူ ပြောလိုက်သည်။ နောက်တစ်ယောက်ကလည်း
ပြောသည် သူ့ဓါတ်လုံးကို သိန်းတစ်ရာကျော်ဖိုး ကျွေးထားပြီးပြီတဲ့။ ကျန်တစ်ယောက်ကလည်း အားကျမခံ ရွှေ နှစ်ဆယ်ကျပ်သားနှင့် ငွေသား သိန်းလေးဆယ် ကုန်ထားပြီးပြီတဲ့။ သြော် တော်တော်စွမ်းတဲ့ ဓါတ်လုံးတွေ လို့သာတွေး၍ ပြုံးမိပါတော့သည်။
Tuesday, October 25, 2011
ဆန္ဒတွေရှိပါတယ် . . .
Posted by Shar Naung
ဒီနေ့ မထင်မှတ်ပဲ မိတ်ဆွေတစ်ယောက်နဲ့ ဆုံခဲ့တယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကျနော်ရေးခဲ့တဲ့ “ကိုယ်တော်လေး” ဆိုတဲ့ဝတ္ထုတိုလေးက တော်တော်လေးကောင်းကြောင်းပြောတယ်။ ကျနော်အတော်လေး အံ့သြသွားတယ်၊ တချိန်တည်းမှာပဲ အားလည်းတက်သွားတယ်။ မအားမလပ်တဲ့ကြားကပဲ စာပြန်ရေးဖို့ ကျနော်ဆုံးဖြတ်ချက်ချလိုက်တယ်။ ဘာဘဲဖြစ်ဖြစ် ကျနော်ဖန်တီးတဲ့ အနုပညာကို အခုတ်တရနဲ့ တလေးတစားချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်။ စာတွေအများကြီးရေးဖို့ စိတ်ကူးလည်းရှိပါတယ်၊ ရည်ရွယ်ချက်လည်းရှိပါတယ်၊ ဆန္ဒလည်းရှိပါတယ်၊ အကောင်းဆုံးဖြစ်အောင် ကြီုးစားပေးပါ့မယ် . . .။
Saturday, February 5, 2011
ပုလောမြို့
Posted by Shar Naung
ကျနော် မွေးတဲ့ ဇာတိမြို့လေ တနင်္သာရီတိုင်းမှာရှိတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီတွေနဲ့ သိပ်လှတဲ့ ကမ်းရိုးတန်း မြို့ကလေးပါ။ အရင်တုန်းကတော့ ပူရိယက္ခတိုင်း ခေါ်တယ်လို့ ပါးစပ်ရာဇ၀င်ကတော့ ပြောကြတာပဲ။ ဘီလူးတွေနေတဲ့ တိုင်းပြည်ပေါ့။ နောက်တော့ တိုင်းသူပြည်သားတွေက ဘီလူးတွေကို ကြောက်တော့ စုန်းအတတ်ကိုသင်လာကြတယ်။ ကြည့်ရတာ ၁၂ ကြိုးတို့ ၁၃ ကြိုးတို့က ဘီလူးတွေကိုနိုင်တယ်ထင်တယ်။ အခုတော့ ဘီလူတွေမတွေ့ရတော့ပေမယ့် ပညာသည်တွေကတော့ အများကြီးမှ အများကြီးပဲကျန်နေခဲ့တယ်။ ဒီပညာသည်တွေကြောင့်လည်း ကျနော်တို့ အဲဒီမြို့လေးက ပြောင်းဖြစ်သွားတာ။ ပညာသည်တွေအကြောင်းကတော့ တိုက်ဆိုင်တဲ့အခါ ပြောပြပါ့မယ်။
မြို့အင်္ဂါရပ်နဲ့ ညီလို့သာ မြို့ခေါ်ကြတာ။ တကယ်တော့ ထားဝယ်၊ မြိတ်၊ ကော့သောင်း တို့လိုစီးပွားရေးမြို့မဟုတ်လေတော့ သိပ်မစည်ကားဘူး။ ဒါပေမယ့် နေရတာ အေးချမ်းတယ်။ တနင်္သာရီတောင်တန်းက ခွဲထွက်လာတဲ့ တောင်စွယ်လေးတွေထင်တယ်။ ကျနော်နေခဲ့တဲ့ မြို့ပတ်ဝန်းကျင်က တောင်ထူထပ်တယ်။ အပြိုင်သွားနေတဲ့ တောင်တန်းနှစ်သွယ်ကြားထဲမှာ ပုလောချောင်းလေးက ကွေ့ကောက်စွာစီးဆင်းနေတယ်။ ချောင်းတဖက်ကိုမေးတင်ပြီး တောင်စောင်းမှာတည်ထားတဲ့မြို့လေး ဘယ်လောက်လှလဲဆိုတာ ပြောမပြတတ်အောင်ပဲ။
ကျနော်နေတဲ့အချိန်က လူဦးရေ သုံးသောင်းကျော်ရှိတယ်။ အိမ်ခြေဘယ်လောက်ရှိလဲတော့ မသိဘူး။ ရပ်ကွက် ၆ ခုရှိတယ်။ မူလတန်ူကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်း ၁ ကျောင်းရှိတယ်။ မြို့လယ်မှာ ဈေးရှိတယ်။ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်တွေ၊ အဝေးပြေးကားဂိတ်ရှိတယ်။ ပုံမှန်အားဖြင့်တော ၁၁ မိုင်ဝေးတဲ့ ပလ ဆိုတဲ့ရွာအထိပဲ ကားဆွဲတယ်။ ရာသီဥတု သိပ်သာယာရင်တော့ မြိတ်မြို့ တဘက်ကမ်း ကျွဲကူးရွာအထိပေါ့။ ထားဝယ်မြို့ကို သွားချင်ရင်တော့ ပုလောချောင်းတဖက်ကမ်းမှာရှိတဲ့ တောင်ယာကမ်းရွာကို ကူးပြီးတော့မှ တဆင့်သွားရတယ်။ ကားလမ်းက ဓါးပြတိုက်ရင် စက်လှေနှင့် သွားလိုက် ရေလမ်းက ဓါးပြတိုက်ရင် ကားလမ်းပြန်ပြောင်းလိုက်နဲ့ လူတွေသနားဖို့လည်းကောင်းပါတယ်။ သူပုန်တွေလည်းပေါမှပေါပဲ။ ပုလောမြို့ထဲတော့ ဘယ်လာကြမလဲ။ ချောင်းဘက်ကတောင်ကုန်းမှာ ရဲစခန်းရှိတယ်။ မြို့ဟိုဘက်ထိပ်တောင်ကုန်းမှာ စစ်တပ်ရှိတယ်လေ။ ဒီတော့ မြို့ထဲမှာတော့ သာသာယာယာပဲပေါ့။